ကမ္ဘာ့အလားအလာ ဗမာ့အလားအလာနှင့် လူငယ့်တာဝန် - အပိုင်း(၂)
ရှာဖွေတင်ပြသူ - မောင်ကျော်ရင်
အပိုင်း (၁) ကို ဒီနေရာမှာ ကြည့်ရှု နိုင်ပါသည်။
အဲဒီက မီးတွေဟာ ယခုကမ္ဘာစစ်ကြီး ဖြစ်တဲ့အထိ ဥရောပတိုက်ရော အာရှတိုက်ကပါ ဖြစ်နေတယ်။ ရှေးခေတ်နှင့် ယခုခေတ် နှိုင်းစာကြည့်လျှင် အစစ အရာရာ အကုန်ပိုလာတယ်။ စီးပွားရေးမှာလည်း အရင်ကထက် ပိုတယ်။ လူအား မှာလည်း အရင်ကထက်ပိုတယ်။ နယ်ကလဲ အရင်ကထက် ပိုကျယ်လာတယ်။ ဒီစစ်ကြီးဖြစ်တဲ့အတွက် ဗမာပြည် ကလဲ လွတ်လပ်တဲ့ ဗမာပြည် ပေါ်လာတယ်လို့ ပြောကြတယ်။ ဒီစစ်ကို ဘယ်သူနိုင်သလဲ ဘယ်လိုဖြစ်မလဲ ရှေ့အဖြစ် နောက်အဖြစ် အချိန်အခါတွေကို တွေးတောကြည့်ရင် အတော်အတွေးရကျပ်တယ်။ သို့သော်လည်း ဒီစစ်ကြီး ဘယ်သူ နိုင်မယ်။ ဘယ်သူရှုံးတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။
ပထမဦးအစက ဥရောပတိုက်မှာ ဂျာမနီနိုင်တယ်။ အခုတော့ သူတို့ကို ပြန်ချနေတယ်၊ အရှေ့ဘက်မှာဆိုရင် တရုတ်က တောင့်ခံနေတယ်။ အနောက်ဘက်မှာဆိုရင် ရုရှားက တောင့်ခံနေတယ်။ ဒီကြားထဲ အင်္ဂလိပ်က လက်နက်တွေလုပ်ပြီး တိုက်ခိုက်တဲ့အတွက် ဒီလို ဖြစ်တယ်၊ အင်္ဂလိပ်က မနှစ်ကသြဂုတ်လမှနေပြီး တိုက်တာ အခုထက်ထိ အကုန်မနိုင်သေးဘူး။ ပထမဦးဆုံးတော့ ဂျာမနီက အတော်အရေးသာနေတယ်။ နောက်ကျတော့ ရုရှားက ပြန်ချလိုက်တယ်။ ဒါပေမဲ့ လုံးလုံး မနိုင်သေးဘူး၊ အနောက်ဘက် စစ်မျက်နှာဟာ စစ်ဖြစ်တာ ၅ နှစ်ကျော်နေပြီ၊ ဒါပေမဲ့ ဘယ်သူရှုံးတယ်၊ ဘယ်သူ နိုင်တယ် ဆိုတဲ့ အခြေကို မရောက်သေးဘူး။
အခုဆိုရင် အရှေ့ဘက်မှာပိုပြီး ပြင်းထန်လာတယ်။ အရှေ့ဘက်မှာ အဓိကထား တိုက်နေတာက ဖိလစ်ပိုင်ကို အဓိကထား တိုက်နေတယ်။ ဖိလစ်ပိုင်ကို နိုင်လိုက်ရင် ဂျပန်ပြည်နဲ့ သွားလမ်းလာလမ်းတွေ ပိတ်ကုန်မယ်။ ဂျပန်ကလည်း တရုတ်ပြည်ကို အတော် ဖိတိုက်နေတယ်။ အင်္ဂလိပ်တွေက ဗမာပြည်ကိုတော့ အကြီးအကျယ် မတိုက်သေးဘူး။ လေထီးစစ်သားချတယ်။ လမ်းပန်းအဆက်အသွယ် လုပ်ကြတယ်။ လေယာဉ်ပျံနဲ့ ဗုံးလာကြဲတယ်။ ဒီလောက်သာ လုပ်နိုင်သေးတယ်။ ဗမာပြည်မှာက တောတောင်တွေ ထူတယ်။ အစားအစာတွေက အင်မတန်ရှားတယ်။ ရောဂါလဲ အင်မတန် ထူတယ်။
အဲဒီတော့ ဗမာပြည်ကို ရုတ်တရက် မ၀င်ရောက်နိုင်ဘူး။ သူတို့ ဖိဖိစီးစီးတိုက်မှာက ဥရောပမှာ အဓိကဖြစ်တယ်။ အဲဒီဘက်မှာ နိုင်တဲ့လူက “ဒီဘက် နိုင် နိုင်ဘို့ သေချာပေါက် များတယ်”။ ယခု ဆောင်းရာသီ ၃ - လ အတွင်းမှာ ဂျာမဏီကိုလဲ အလဲထိုးနိုင်မှ - အလဲမထိုးနိုင်ရင်၊ ဒီစစ်ကြီးဟာ ရှည်ဦးမှာဘဲ၊ ဂျာမဏီပြည်မှာလဲ စက်ရုံတွေက အများကြီးရှိတယ်၊ မြေအောက်ထဲမှာကို Under Ground တူးပြီး စက်ရုံတွေ လုပ်ထားတယ်။ လက်နက်ဆန်းတွေ ထွင်နေတယ်။ လေတပ်ဆိုရင်လဲ ပြုတ်ပြုတ်ပြုန်းပြုန်းလောက် မဖြစ်သေးဘူး။ အင်အားမှာလဲ ဆုတ်ယုတ်လောက်အောင် အခြေအနေ မဖြစ်သေးဘူး၊ “အဲဒီတော့၊ ဂျာမဏီကို အချိန်မပေး နိုင်ဘူး။ ဂျာမဏီကို အချိန်ပေးလို့ရှိရင် ပြန်ပြီး ဆိုးဝါးလာလိမ့်မယ်” ။ ဂျာမဏီကို စစ်အင်အားနဲ့ ဖိတိုက်မှ နိုင်မယ်လို့ ပြောကြတယ်။ စစ်တိုက်တဲ့ နေရာရယ်၊ မိန်းမပိုးတဲ့နေရာရယ်၊ မတရားတာ မရှိဘူး။ တရားတာကြီးဘဲ။ နိုင်တာ လိုရင်းဘဲ။
အဲဒီတော့ကာ ကျွန်တော်တို့ ဗမာပြည်မှာလဲ “ညီညွတ်ရေးဟာ သိပ်အရေးကြီးတယ်။ တတိုင်းပြည်လုံးမှာ ရှိတဲ့လူတွေက တို့ဗမာပြည်ရဲ့ လွတ်လပ်ရေးအတွက် တို့တိုက်မယ်၊ တို့ခိုက်မယ် ဆိုရင်၊ တို့တိုင်းပြည်ကလူတွေ ဘယ်နည်းနဲ့မှ မရှုံးနိုင်ဘူး”။ တိုင်းပြည်မှာရှိတဲ့ လူတွေက အားလုံး အသင့်ပြင်ဆင်ထားဘို့ သင့်တယ်။

ကျွန်တော်တို့ဟာ ဂျပန်ရဲ့ စိတ်ဓါတ်ကို အတုယူရမယ်။ အင်္ဂလိပ်ရဲ့ ဓလေ့စရိုက်၊ အလေ့အလာကို အတုယူရမယ်။ ကျွန်တော်တို့ သေသေချာချာ တတ်စွမ်းတဲ့ အရည်အချင်းနှင့် ပြည့်စုံအောင် လုပ်ကြရမယ်။ အဲဒီတော့ ကျွန်တော်တို့ လူငယ်တွေ အားကိုးရမယ်။ လူငယ်တွေ ဘယ်မလဲ၊ လူငယ်တွေ ထိပ်က ထွက်စမ်းပါ။ တောကြိုတောင်ကြားတွေထဲ သွားရမယ်။ တိုင်းပြည်တော့ အမှန်ကောင်းစားမှာဘဲ၊ ဘယ်သူစွန့်စားရဲတဲ့ သူတွေရှိသလဲ၊ ခေါင်းဆောင် တွေ အများကြီးလိုတယ်၊ အရည်အချင်း ရှိရမယ်။ စိတ်ဓာတ် ခိုင်ရမယ်။ အလှမ်းကျော်တဲ့ အလုပ်တွေ မလုပ်ဘဲနဲ့ လှမ်းတဲ့ခြေလှမ်း နှေးချင်နှေးပါစေ။ အလှမ်းကျယ်ကျယ် လှမ်းပါ။ လှမ်းကျော်တဲ့ အလုပ်တွေ မလုပ်ပါနဲ့၊ တစ်နှစ်ကျော်ကျော်လောက် စာမတတ်သူ ပပျောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်ကြားရတယ်၊ ဒါဟာ အင်မတန် ခက်ခဲနက်နဲတဲ့ ပြဿနာဘဲ၊ တောမှာရော မြို့မှာရော ပညာမသင်ရတဲ့ လူတွေအများကြီးရှိတယ်၊ ကျန်းမာရေး မှာလဲ အများကြီးလိုတယ်၊ ဒီလူတွေကို ခင်ဗျားတို့က ကျန်းမာရေးလုပ်ငန်းတွေ လုပ်ပေးပါ၊ ကျန်းမာရေးဟာ တဖြည်းဖြည်း ဆိုးလာတယ်။ ဒီကျန်းမာရေးကို မလုပ်ရင် ရောဂါကပ်တွေ ဆိုက်ရောက်နေမယ်။ အဲဒါတွေ လုပ်စမ်းပါ။
ဒါမှ ဒီစစ်ကြီးမှာ ဗမာပြည်က ဗမာ့လွတ်လပ်ရေးဟာ ခိုင်ခိုင်မာမာရတဲ့ လွတ်လပ်ရေး ဖြစ်နိုင်တယ်။ အနာခံမှ အသာစံရမယ်၊ လူငယ်တွေ လုပ်ကြစမ်းပါ၊ လူကြီးတွေကတော့ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ လူငယ်တွေက၊ ကချင်နယ်တွေ၊ ချင်းနယ်တွေ၊ ရှမ်းနယ်တွေ သွားရောက်ပြီး လူမျိုးရေး၊ ယဉ်ကျေးမှုတွေအတွက် အနစ်နာခံပြီး ပြုပြင်ပေးကြပါ။ သူတို့လိုထိုင်၊ သူတို့လိုနေ၊ သူတို့လို ပြောတတ်အောင် လုပ်ကြပါ။ ဒီဘက်က သေသေချာချာ ခိုင်မာအောင် လုပ်ကြစမ်းပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ သေသေချာချာ ဒီစစ်ကြီးမှာ နိုင်မှာဘဲ၊ အချိန်ဟာ မရှိဘူးဆိုပေမဲ့ ရှိသင့်သလောက် ရှိပါသေးတယ်။ အချိန်ရှိသလောက် လုပ်နိုင်သမျှ လုပ်ကြစမ်းပါ၊ အခြေစိုက် လုပ်ငန်းများ လုပ်မှ အခြေခိုင်မှာ၊ လူငယ့်လုပ်ငန်းအနေနဲ့ အဲဒီလို အခြေစိုက်လုပ်ငန်းတွေကို အနစ်နာခံပြီး လုပ်ကြပါတော့လို့ ကျွန်တော်နောက်ဆုံး ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါတယ်။